Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
Log in to post a comment.
No comments yet. Be the first to comment!