The Good – ပိုက်ဆံများများရဖို့ ကြိုးစားနေတဲ့ လက်ဖြောင့်သေနတ်သမား Blondie The Bad – ပိုက်ဆံလက်ခံပြီးရင် ပြီးဆုံးအောင်တာဝန်ယူမယ့် ကြေးစားသူသတ်သမား Angel Eyes The Ugly – Wanted စာရင်းမှာ ပါတဲ့ ဥပဒေပြင်ပက သောက်ကျင့်မကောင်းတဲ့ တစ်ကိုယ်ကောင်းသမား Tuco Blondie နဲ့ Tuco က ဂွင်ဖန်နေကြ ပါတနာတွေ။ Blondie လုပ်ရမှာက Tuco ကိုဖမ်းမယ် ရဲလက်အပ်မယ် ဆုငွေထုတ်မယ် ကြိုးစင်တင်တဲ့အချိန် နောက်ကွယ်ကနေ ကြိုးကို သေနတ်နဲ့ပစ်ပေးမယ် အဆင်သင့်ပြင်ထားတဲ့ မြင်းနဲ့ထွက်ပြေးမယ် ပြီးတော့ ငွေခွဲယူကြမယ် ဒါပဲ။ ဒါပေမယ့် Blondie က Tuco ကိုဘယ်တော့မှ ဆုငွေရဲ့ တစ်ဝက်အပြည့်မပေးဘူး။ ဒီတစ်ခါ Tuco အတင်းတောင်းတာကြောင့် သူ့ကို သဲကန္တာရထဲမှာ ပစ်ထားခဲ့တယ်။ နောက်တစ်ခါမှာ Tuco ဂလဲ့စားချေပြီပေါ့။ Blondie ကိုအကွက်ဆင်ဖမ်းပြီး ကန္တာရထဲ ကြိုးတုပ်ခေါ်လာတဲ့အချိန်မှာ လူသေတွေနဲ့ လှည်းတစ်စီးကိုတွေ့လိုက်ရတယ်။ ဒီထဲမှာ ငွေတွေဘယ်မှာမှန်းသိတဲ့ Bill Carson ဆိုတဲ့ တစ်ယောက်ကတော့ မျောနေတယ်ဗျ။ Tuco ပြေးသွားပြီး ငွေအကြောင်းအတင်းသွားမေးတော့ ဟိုလူက ငွေတွေဝှက်ထားတဲ့ သင်္ချိုင်းနာမည်ဘဲအရင်ပြောပြီး ရေ ရေ လို့ဘဲအော်နေတယ် အုတ်ဂူနာမည်မပြောဘူး။ Tuco ရေပြန်လာယူပြီး လှည်းဆီပြန်အရောက်မှာ Blondie က Bill Carson ကိုရေတိုက်မေးပြီး သတ်လိုက်ပြီပေါ့။ ငွေမြှုပ်ထားတဲ့ အုတ်ဂူသိချင်ရင်တော့ Blondie ကိုသတ်လို့မရတော့ဘူး။ Blondie လဲသင်္ချိုင်းနာမည်သိပေမယ့် အဲဒီသင်္ချိုင်းဘယ်မှန်ရှိမှန်း မသိတော့ Tuco ကိုအသက်ရှင်အောင်ထားမှဘဲ ရမှာပေါ့။ ဒီအချိန်မှာ Angel Eyes ကလဲ Bill Carson နဲ့ပတ်သက်ပြီး ငွေတွေဝှက်ထားတဲ့နေရာ လိုက်စုံစမ်းနေတာမို့ သူတို့နှစ်ယောက်ငွေရှိနေတဲ့နေရာ သိနေမှန်း သိသွားတယ်။ နောက်ဆုံး The Good ရယ် The Bad ရယ် The Ugly ရယ်သုံးယောက်သား ရွှေဒင်္ဂါးနှစ်သိန်း ရဖို့အတွက် သင်္ချိုင်းရောက်လာကြပြီ။ တစ်ယောက်အပေါ်တစ်ယောက် ဒီလောက်ခေါင်းပုံဖြတ် ဖျံကျနေပုံအရတော့ သုံးယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက်ယုံလို့ရပါ့မလား…ဒီဇာတ်ကားက ရှည်တာမှန်ပါတယ်။ ဒါပေမယ့် ပျင်းစရာတစ်ကွက်မှ မပါတာကတော့ အာမခံတယ်။ သုံးယောက်စလုံးဟာ စရိုက်တစ်မျိုးစီနဲ့ တစ်လမ်းတည်း အတူသွားနေကြတာမို့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ အခန်းတိုင်းက ဆွဲဆောင်နေမှာပါ။ ဇာတ်လမ်းပိုင်း ဓာတ်ပုံပိုင်း သရုပ်ဆောင်ပိုင်း ဇာတ်ဝင်တေးပိုင်းတွေမှာလဲ အပြစ်ပြောစရာမရှိအောင်ကိုကောင်းပါတယ်။Blondie အဖြစ် Client Eastwood၊ Angel Eyes အဖြစ် Lee Van Cleef နဲ့ Tuco အဖြစ် Eli Wallach တို့ကသရုပ်ဆောင်ထားတာပြီး Western Director Sergio Leone ကရိုက်ထားတာပါ။ စစထွက်ချင်းမှာ ဒီလို အီတလီမှာရိုက်တဲ့ ကောင်းဘွိုင်ကားစတိုင် ဇာတ်ကားတွေက ခေတ်မရှိတာကြောင့် ဝေဖန်ရေးတွေကြားမှာ အကြိုက်မတွေ့ခဲ့ကြပေမယ့် နောက်ပိုင်းနှစ်တွေမှာမှ ဒီဇာတ်ကားကို တအားအကြိုက်တွေ့လာကြတာပါ။ အဲဒါကြောင့် OSCAR မှာလဲ ဆန်ကာတင်တစ်ဆုမှ မပါခဲ့လိုက်ရပါဘူး။“လောကကြီးမှာ လူနှစ်မျိုးနှစ်စားဘဲ ရှိတယ် သူငယ်ချင်း၊ တစ်ယောက်က….. နဲ့ တစ်ယောက်က…..” ဆိုတဲ့ စကားကို ဒီကားထဲမှာ ခဏခဏကြားရမှာပါ။ ပြောလိုက်ရတယ့် အချိန်မှာတော့ တော်တော် feel ရှိမယ့်စကားပါဘဲ။ဟာသဆိုပေမယ့် ဝါးလုံးကွဲရီနေရမှာ မဟုတ်ဘဲနဲ့ အထာကျတဲ့ dialogues တွေကြောင့် ပြုံးစိစိဖြစ်နေမှာတော့ အမှန်ပါ။အကောင်းဆုံး ကောင်းဘွိုင်ကားတွေထဲက တစ်ကားအဖြစ် သတ်မှတ်ခံရုံတင်မက အကောင်းဆုံးဇာတ်ကားတစ်ကား အနေနဲ့ပါ အသတ်မှတ်ခံခဲ့ရတဲ့ ဇာတ်ကားပါ။ မကြည့်သေးဘူးဆိုရင်တော့ ကြည့်လိုက်ဖို့ မမေ့နဲ့နော်။
Log in to post a comment.
No comments yet. Be the first to comment!