The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ)ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ကြိုးစားခဲ့သလိုပဲ မျှတစွာစားသုံးရေး နည်းလမ်းကို ယုံကြည်သူတွေ ရှိနေပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက ဒီနည်းလမ်းကို စပြီးဖော်ဆောင်ခဲ့တဲ့ ပရောဟိတ်ကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!